
သူနာပြုယူနီဖောင်းနဲ့ မြင်တိုင်း သူနာပြု အစစ်လို့ မထင်ကြဖို့ပါတဲ့။
အိမ်အကူဟာ အိမ်ရှင်မ မဟုတ်သလို သူနာပြုနဲ့ သူနာပြုအကူ တန်ဖိုးချင်းကွာခြားတယ် လို့ပြောပါတယ်။
သူနာပြုမှာ ဒီပလိုမာအဆင့် သူနာပြုတစ်ယောက်ဖြစ်ဖို့ (၃)နှစ်၊ သူနာပြုသိပ္ပံဘွဲ့ရ သူနာပြုတစ်ယောက်ဖြစ်ဖို့ (၄)နှစ်၊ ဘွဲ့လွန်အဆင့် သူနာပြုမဟာသိပ္ပံဘွဲ့ရ သူနာပြုတစ်ယောက်ဖြစ်ဖို့ စုစုပေါင်း အနည်းဆုံး (၆)နှစ်၊ ပါရဂူအဆင့် PhDဘွဲ့ရ သူနာပြုတစ်ယောက်ဖြစ်ဖို့ စုစုပေါင်း အနည်းဆုံး (၉)နှစ်ထိ သူနာပြုပညာရပ်တွေ လေ့လာဆည်းပူး သုတေသနတွေ လုပ်ရပါတယ်။
ရာထူးအားဖြင့် လုံချည်အနီရဲရဲဝတ် သူနာပြုကနေ ညွှန်ကြားရေးမှူးသူနာပြု အထိ ရာထူး Level တွေခွဲထားပါတယ်။ သူနာပြုကိုကူညီနိုင်ဖို့လောက်ပဲ ရည်ရွယ်ထားတဲ့ သူနာပြုအကူကတော့ (၁၀)တန်းအောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ တက်လို့ရပါတယ်။ အကူသင်တန်း (၁)လ၊ (၃)လ၊ (၉)လ စသည်ဖြင့် နားလည်လွယ်တဲ့ ကာလတို သင်တန်းလေးတွေ ပေးပါတယ်။ ရာထူးမတိုးပါ။ လုပ်သက်ပြည့်သည်အထိ သူနာပြုအကူအနေနဲ့ပဲ ပင်စင်ပေးပါတယ်။ အစိုးရဆေးရုံ တွေမှာတော့ လုပ်သက်ရင့် သန့်ရှင်ရေးဝန်ထမ်းတွေဆို သူနာပြုအလုပ်တွေကို အမြင်အားဖြင့်အကျွမ်းဝင်နေတာမို့ သူနာပြုအကူလိုအပ်တဲ့အခါ သူတို့ကိုပဲ ဦးစားပေးရွေးချယ်ခန့်ထားပေးပါတယ်။ ၀တ်စုံအနေနဲ့ အကျီင်္အဖြူ ၊ လုံချည် နီညို (ကြက်သွေးရောင်) ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးမှာ သူနာပြုရှားပါးမှု ပြသနာနဲ့ ရင်ဆိုင်နေရပါတယ်။ အစိုးရဆေးရုံတွေမှာတောင် ရှိရမဲ့ သူနာပြုအင်အားရဲ့ ထက်ဝက်ပဲရှိတယ်။ ပုဂ္ဂလိကဆေးရုံ ဆေးခန်းတွေမှာဆို သူနာပြုအစစ်ဆိုတာ ရှားပါးပစ္စည်းဖြစ်နေပါပြီ။ ဒီပြသနာကို လက်တလော ဖြေရှင်းဖို့ သူနာပြုအစစ်တွေနေရာမှာ ကာလတိုသင်တန်းလေးတွေနဲ့ သူနာပြုအကူတွေက အလုပ်ဖြစ် လာတယ်။
အလုပ်အကိုင် အခွင့်အလမ်းရှားပါးတဲ့ ပြည်တွင်းမှာ သင်တန်းကြေးလည်း သိပ်မများဘဲ အလုပ်ရလွယ်တဲ့ သူနာပြု အကူသင်တန်းတွေဟာ မှိုလိုပေါက်အောင်များလာတယ်။ သင်တန်းတွေမှာ သင်ရိုးညွှန်းတမ်း စံသတ်မှတ်ချက်မရှိဘူး။ သင်တန်းကာလ သတ်မှတ်တာမှာ စီးပွားရေးအကျိုးအမြတ်ကို ဦးစားပေးတယ်။ အချို့သင်တန်းတွေမှာ ဆေးထိုးနည်း၊ ဆေးစပ်နည်းတွေပါ ထည့်သင်တယ်။ ၀တ်စုံဒီဇိုင်းမျိုးစုံနဲ့ အဖြူအကျီင်္တွေကို မူလသတ်မှတ်ထားတဲ့ နီညိုရောင်မဟုတ်တဲ့ သူနာပြုအစစ်တွေရဲ့ ယူနီဖောင်းအနီရဲရဲလုံချည်နဲ့ ဆင်တူယိုးမှားတွဲဝတ်လာတယ်။ မသိနားမလည်တဲ့ ပြည်သူလူထုနဲ့ တွေ့တဲ့အခါ တကယ့်သူနာပြုအစစ် အသွင်ယူတယ်။ ဒါပေမဲ့ တကယ့်သူနာပြုအစစ်လို Professional မကျပါဘူးတဲ့
သူနာပြုတွေအတွက် ရာထူးအလိုက်သတ်မှတ်ထားတဲ့ ၀တ်စုံနဲ့အဆောင်အယောင်များကို သူနာပြုလိုင်စင် ကိုင်ဆောင် ထားတဲ့ သူနာပြုအစစ်များသာ ဆင်ယင်ခွင့်ကို မြန်မာသူနာပြုနဲ့သားဖွားကောင်စီဥပဒေ (၂၀၁၅) အခန်း (၈)၊ အပိုဒ်၂၅(စ) မှာ ပြဌာန်းထားပြီးသားပါ။ အခန်း (၁၃)၊ အပိုဒ် (၃၇)မှာတော့ ကျွမ်းကျင်မှုနဲ့ အဆင့်အလိုက် သတ်မှတ်ထားသော သူနာပြုဝတ်စုံနဲ့ အဆောင်အယောင်တွေကို မရိုးဖြောင့်သော သဘောဖြင့် ၀တ်ဆင်သုံးစွဲလျှင် ထိုသူကို ထောင်ဒဏ် အနည်းဆုံး(၃)လမှ အများဆုံး (၃)နှစ်အထိ၊ ငွေဒဏ်အားဖြင့် အနည်းဆုံး ငါးသောင်းမှ အများဆုံး ငါးသိန်းအထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ သူနာပြုလုပ်ငန်းလုပ်ကိုင်ခွင့်နဲ့ ပတ်သတ်ရင်လည်း အခန်း(၁၃)၊ အပိုဒ် (၃၆)မှာ ဥပဒေအရ ထုတ်ပေးသော သူနာပြု သားဖွားလိုင်စင်မရှိဘဲ သူနာပြုသားဖွားအလုပ်ကို ပြုလုပ်ရာတွင် လူတစ်ဦးဦးသေဆုံးခြင်း (သို့) ပြင်းထန်သော ဒဏ်ရာ ဖြစ်စေပါက ထောင်ဒဏ်အနည်းဆုံး (၃)နှစ်မှ အများဆုံး (၇)နှစ်အထိ ချမှတ်ခံရနိုင်တယ်တဲ့။
အစိုးရသစ်လက်ထက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ အများကြီး ကြိုးစားနေကြတာ အားတက် ၀မ်းမြောက်ဖွယ်ရာ ကြားသိနေရပါတယ်။ သူနာပြုအစစ်နဲ့ သူနာပြုအကူ ပြည်သူတွေ အမြင်မှားစေနိုင်တဲ့ ဆင်တူယိုးမှား ၀တ်စုံအဆောင်အယောင်ကို အမြန်ပြင်ဆင်ပေးနိုင်ဖို့နဲ့၊ ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှု အတွက် မေးခွန်းထုတ်စရာဖြစ်နေတဲ့ စီးပွားဖြစ် သူနာပြုအကူသင်တန်းတွေရဲ့ အရည်အသွေးအာမခံချက်အတွက်လည်း အမြန်ဆုံး ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပေးဖို့ မျှော်လင့်မိကြောင်း သူနာပြုအစစ်တစ်ယောက်မှ ရေးသားထားပါတယ်။
